Monday, July 20, 2015

Abstract : Department of Myanmar



ကျမ်းခေါင်းစဉ်              ဂျာနယ်ကျော်မမလေး၏ ရင်နှင့်အောင်မွှေး ၀တ္ထုရှည်မှ
                                ဇာတ်ဆောင်စရိုက်လေ့လာချက်
ကျမ်းပြုစုသူအမည်         မမေကြည်ကြည်သန့် 
ခုံအမှတ်                     ၂-မဟာ-မ-၁

ကျမ်းအကျဉ်းချုပ်

ဤကျမ်းတွင် လွတ်လပ်ရေးခေတ်၌ စာပေကို အစဉ်တစိုက် ရေးသားခဲ့သော အမျိုးသမီးစာရေးဆရာ ဂျာနယ်ကျော်မမလေး၏ ရင်နှင့်အောင်မွှေးဝတ္ထုမှ ဇာတ်ဆောင် အချို့၏စရိုက်အမူအရာတို့ကိုလေ့လာတင်ပြသွားမည်ဖြစ်ပါသည်။ထိုသို့ လေ့လာတင်ပြရာ၌ အဓိကဇာတ်ဆောင် ကိုမြင့်ထူးနှင့် မော်၊ အရန်ဇာတ်ဆောင် အစိုးတို့၏ ပုံပန်းသွင်ပြင်၊ လှုင်ရှားမှုအမူအရာများအရ တွေ့ရသော စရိုက်လက္ခဏာများကို လည်းကောင်း၊ စိတ်ခံစားမှု အရ တွေ့ရသော စရိုက်လက္ခဏာများကို လည်းကောင်း တစ်ခန်းချင်းခွဲ၍ လေ့လာတင်ပြ သွားမည်ဖြစ်ပါသည်။


ကျမ်းခေါင်းစဉ်             ကံ့ကော်မြိုင်စာတမ်းစာအုပ်မှဆရာမင်းယုဝေနှင့် ဆရာတိုက်စိုး 
                               တို့၏ ရသစာတမ်းများလေ့လာချက်
ကျမ်းပြုစုသူအမည်         မလဲ့ရည်ဝင်း 
ခုံအမှတ်                     ၂-မဟာ-မ-၁
                          
ကျမ်းအကျဉ်းချုပ်

ဤကျမ်းသည် ကံ့ကော်မြိုင်စာတမ်းများစာအုပ်မှ ဆရာမင်းယုဝေနှင့် ဆရာတိုက်စိုး တို့၏ ရသစာတမ်းများကို လေ့လာတင်ပြထားသော ကျမ်းဖြစ်သည်။ ကံ့ကော်မြိုင် စာတမ်း များစာအုပ်ပါ ဆရာမင်းယုဝေ၏ ရသစာတမ်း(၃)ပုဒ်နှင့် ဆရာတိုက်စိုး၏ ရသစာတမ်း (၃)ပုဒ်တို့ကို လေ့လာတင်ပြထားပါသည်။ ဤသို့တင်ပြရာတွင် ရသစာတမ်း၏ သွင်ပြင် လက္ခဏာများဖြစ်သော စာရေးသူ၏ ကိုယ်ရည်ကိုယ်သွေးပေါ်နေခြင်း၊ အကြောင်းအရာ ထက် အတွေးအမြင်ခံစားမှု တို့ကိုအားပြုခြင်း၊ စာဖတ်သူကို ဆွဲဆောင်နိုင်သော စကားပြေ အရေးအဖွဲ့မျိုး ဖြစ်ခြင်း၊ တိုတိုကျဉ်းကျဉ်း ရေးဖွဲ့ထားသော အရေးအဖွဲ့မျိုးဖြစ်ခြင်း၊ စာဖတ်သူ ကို နှစ်သက်မှုရသပေးခြင်း ဟူသောအချက်များဖြင့် စံပြု၍လေ့လာတင်ပြ ထားပါသည်။ ဤသို့ လေ့လာခြင်းဖြင့် စာတမ်းငယ်၏သွင်ပြင် လက္ခဏာများသာမက ဆရာမင်းယုဝေနှင့် ဆရာတိုက်စိုးတို့၏ စာပေလက်ရာများကိုပါ လေ့လာအကဲဖြတ်ခွင့် ရရှိစေပါသည်။


ကျမ်းခေါင်းစဉ်               ဆရာအောင်လင်း၏ အရိုင်းစံပယ် ၀တ္ထုရှည်မှ ဇာတ်ဆောင် စရိုက် လေ့လာချက်
ကျမ်းပြုစုသူအမည်          မစန်းစန်းဝင်း 
ခုံအမှတ်                     ၂-မဟာ-မ-၂
                               
ကျမ်းအကျဉ်းချုပ်

မြန်မာ့အနုစာပေနယ်ပယ် ၀တ္ထုရှည်ကဏ္ဍမှ ၁၉၆၀ ပြည့်နှစ်တွင် စာပေဗိမာန်ဆု ရရှိခဲ့သော ဆရာအောင်လင်း၏ အရိုင်းစံပယ်ဝတ္ထုမှ ဇာတ်ဆောင် စရိုက်များ ကို လေ့လာဖော်ထုတ်တင်ပြလိုသော ရည်ရွယ်ချက်ဖြင့်  ဤကျမ်းကို ပြုစုခြင်းဖြစ်ပါသည်။ ဤကျမ်းပြုစုရာတွင် ၂၀၁၁ ခုနှစ် (၁၆-ကြိမ်မြောက်) ထုတ်ဝေသော ဆရာအောင်လင်း၏ အရိုင်းစံပယ်ဝတ္ထုရှည်စာအုပ်ကို လေ့လာခံစားအဖြစ် ထားရှိပါသည်။ ၀တ္ထုရှည် သဘော တရား၊ ၀တ္ထုရှည်အတတ်ပညာဖြင့် ဇာတ်ဆောင်တို့၏ ကံသုံးပါးအမူအရာ တို့ကို ပေါ်လွင်အောင် လေ့လာတင်ပြထားပါသည်။ ဇာတ်ဆောင်တို့၏ ကံသုံးပါးအမူ အရာမှတဆင့် အနောက်တိုင်းယဉ်ကျေးမှုနှင့် မြန်မာ့ယဉ်ကျေးမှုတို့၏ အားပြိုင်နေသော ပဋိပက္ခသဘောကို တွေ့ရှိရပါသည်။ ဤကျမ်းကို လေ့လာပြုစုခြင်းအားဖြင့် အနောက်တိုင်း ယဉ်ကျေးမှု၏ ဆိုးပြစ်များကိုသိရှိပြီး ရှောင်ကျဉ်အပ်ကြောင်းနှင့် မြန်မာအမျိုးကောင်းသမီး များ မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုးထားမြတ်နိုးလာစေပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်စေသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။ ဤကျမ်းကို လေ့လာတင်ပြရာတွင် အရှေ့တိုင်း ယဉ်ကျေးမှု ကိုယ်စားပြု ဇာတ်ဆောင်များဖြစ်သော ဒေါ်ခင်မျိုးသန့်နှင့်မော်တို့၏ ကံသုံးပါး အမူအရာ စရိုက်များကိုသာ လေ့လာတင်ပြမည်ဖြစ်ပါသည်။


ကျမ်းခေါင်းစဉ်                ဆရာဇော်ဂျီ၏ ၀တ္ထုတို(၅)ပုဒ်မှ လူ့သဘာဝအဖွဲ့ လေ့လာချက်
ကျမ်းပြုစုသူအမည်           မစန္ဒာလှိုင် 
ခုံအမှတ်                      ၂-မဟာ-မ-၃
                               
ကျမ်းအကျဉ်းချုပ်

ဤကျမ်းသည် မြန်မာ့အနုစာပေနယ်ပယ် ၀တ္ထုတိုကဏ္ဍတွင် ပါဝင်သော ဆရာဇော်ဂျီ၏ ၀တ္ထုတိုပေါင်းချုပ် (၁၉၉၉)မှ ၀တ္ထုတို(၅)ပုဒ်ကို ရွေးချယ်၍ လူ့သဘောအဖွဲ့များ ကို လေ့လာတင်ပြထားသော ကျမ်းဖြစ်ပါသည်။ ဆရာဇော်ဂျီ၏ ၀တ္ထုတိုများမှ ဖိုးမာဒင်၊ ဦးသောဘိတနှင့် ကိုခင်၊ အောင်ဘော်နှင့် လေးလုံး၊ သော့တွဲနှင့် နတ်ရုပ်၊ သူ့မယားဝတ္ထုတိုများကို ခေါင်းစဉ်ငယ်များခွဲကာ လူ့သဘာဝ ရှုထောင့်မှ လေ့လာဖော်ပြပါမည်။ ထို့အပြင် ၀တ္ထုတစ်ပုဒ်ချင်းစီ၏ လူ့သဘာဝအဖွဲ့ များကို ၀တ္ထုတိုအတတ်ပညာဖြင့်လည်း ချဉ်းကပ်လေ့လာမည်ဖြစ်ပါသည်။ ဤကျမ်း ကို လေ့လာပြုစုခြင်းကြောင့် ၀တ္ထုတိုတွင်ပါဝင်သည့် လူ့စရိုက်၊ လူ့သဘာဝအဖွဲ့ များ၊ စရိုက်အဖွဲ့အတတ်ပညာများ၊ လိုက်နာရှောင်ကြဉ်ဖွယ်ရာဟူသော အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။


ကျမ်းခေါင်းစဉ်              ဂျာနယ်ကျော်မမလေး၏ မုန်း၍မဟူ ၀တ္ထုရှည်မှ ဇာတ်ဆောင်စရိုက် လေ့လာချက်
ကျမ်းပြုစုသူအမည်                မ၀င့်ဝါလှိုင် 
ခုံအမှတ်                     ၂-မဟာ-မ-၎
                               
ကျမ်းအကျဉ်းချုပ်

ဤကျမ်းသည်  ၁၉၅၅ နှစ် စာပေဗိမာန်ဆုရ ဂျာနယ်ကျော်မမလေး၏ "မုန်း၍ မဟူ" ၀တ္ထုမှ ဇာတ်ဆောင်စရိုက်လေ့လာမှုကို ဖော်ထုတ်လိုသော ရည်ရွယ်ချက်ဖြင့် တင်ပြထားသော ကျမ်းဖြစ်ပါသည်။ ဤကျမ်းတွင် ၀တ္ထုရှည် သမိုင်းအကျဉ်း၊ ဂျာနယ်ကျော်မမလေး၏ အတ္ထုပ္ပတိအကျဉ်း၊ ဂျာနယ်ကျော်မမလေး၏ မုန်း၍မဟူ ၀တ္ထုတွင် စာရေးသူ၏ ဇာတ်ဆောင်စရိုက် ဖန်တီးမှုဖြင့် စာဖတ်သူတို့အား ရသ ခံစားမှုနှင့်အတူ ဘ၀အသိအမြင်များ ရရှိစေနိုင်မည်ဖြစ်ပါသည်။


ကျမ်းခေါင်းစဉ်          မိုးမိုး(အင်းလျား)၏ ၀တ္ထုတိုများ(၃)မှဝတ္ထုတို(၅)ပုဒ်၏ ဇာတ်ဆောင်စရိုက် လေ့လာချက
ကျမ်းပြုစုသူအမည်                မခင်သီတာထွန်း 
ခုံအမှတ်                     ၂-မဟာ-မ-၅

ကျမ်းအကျဉ်းချုပ်

ဤကျမ်းတွင်လောက၏ ဖြစ်လေ့ဖြစ်ထရှိသော လူတို့၏ သဘာဝများ၊ မိန်းကလေးများအနေဖြင့် အိမ်ထောင်ပြုရေးနှင့်ပတ်သက်၍ သတိထား ဆင်ခြင် ဖွယ်ရာများကို အဓိကရေးသား တင်ပြထားသော စာရေးဆရာမမိုးမိုး(အင်းလျား)၏ ၀တ္ထုတိုများ(၃)မှ ၀တ္ထုတို(၅)ပုဒ်တွင်ပါဝင်သော ဇာတ်ဆောင်စရိုက်များကို လေ့လာ တင်ပြသွားပါမည်။ ထိုသို့တင်ပြရာ၌ ဇာတ်ဆောင်တို့၏ စကားအပြောအဆိုအရ တွေ့ရသော စရိုက်များကိုလည်းကောင်း၊ စိတ်ခံစားမှုအရ တွေ့ရသော စရိုက်များ ကိုလည်းကောင်း၊ စာရေးသူ၏ ကိုယ်တိုင်ပြောဟန်ဖြင့် ဖော်ပြသော ဇာတ်ဆောင် စရိုက်များကိုလည်းကောင်း ၀တ္ထုတစ်ပုဒ်ချင်းခွဲ၍  လေ့လာတင်ပြထားပါသည်။


ကျမ်းခေါင်းစဉ်              နုယဉ်၏ကျေးလက်ကဗျာများတွင် ထင်ဟပ်နေသော ကျေးလက်လူမှုဘ၀ လေ့လာချက်
ကျမ်းပြုစုသူအမည်                မသီတာ 
ခုံအမှတ်                     ၂-မဟာ-မ-၆
                               
ကျမ်းအကျဉ်းချုပ်

နုယဉ်၏ ကဗျာများတွင်ထင်ဟတ်နေသော မြန်မာ့ကျေးလက်  လူမှုဘ၀များ ကို လေ့လာတင်ပြရာတွင် ကျေးလက်တို့၏ နေထိုင်မှုဘ၀များ၊ ၀တ်စားဆင်ယင်မှု ဘ၀များ၊ စားသောက်မှုဘ၀များ၊ အသက်မွေးမှုဘ၀များ၊ယုံကြည်ကိုးကွယ်မှုဘ၀များ၊ ဖော်ရွေပျူငှာသော စိတ်နေစိတ်ထားများကို လေ့လာဖော်ထုတ်တင်ပြထားပါသည်။ ဤသို့လေ့လာရာတွင် နုယဉ်၏ကဗျာစာအုပ်များထဲမှ ရေလှိုင်းပြာကဗျာစာအုပ်၊ ထုံဝတ်လွှာ ကဗျာစာအုပ်၊ ကုမုဒြာကဗျာစာအုပ်၊ ခရောင်းမြေမှရွှေတစ်စက် ကဗျာ စာအုပ်နှင့် ပန်းဟေ၀န်လယ်နှင့် အခြားကဗျာများစာအုပ်တို့တွင် ပါဝင်သော ကျေးလက်ကဗျာများကိုသာ အကိုးအကားပြုလျက် သုတေသနပြု တင်ပြထားပါ သည်။


ကျမ်းခေါင်းစဉ်              ပါတော်မူကဗျာများမှ စာဆိုများ၏ အတွေးနှင့်အရေး လေ့လာချက်
ကျမ်းပြုစုသူအမည်                မောင်ဝေလင်းစိုး
ခုံအမှတ်                     ၂-မဟာ-မ-၇

ကျမ်းအကျဉ်းချုပ်

ပါတော်မူကဗျာများမှ စာဆိုများ၏ အတွေးနှင့်အရေး လေ့လာချက်ကို ခန်းနှစ်ခန်းခွဲ၍ တင်ပြထားပါသည်။အခန်း(၁)တွင် နယ်ချဲ့ဗြိတိသျှတို့ မြန်မာနိုင်ငံကို မတရားကျူးကျော်စစ် (၃)ကြိမ်ပြု၍ သိမ်းပိုက်ခဲ့ပုံ၊ (၁၂၄၇) ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး နယ်ချဲ့လက်အောက်ခံ သူ့ကျွန်ဘ၀သို့ ကျရောက်ကာ နယ်ချဲ့တို့၏ အမျိုးမျိုးသော ညှဉ်းပမ်းနှိပ်စက်မှုများကို ခံခဲ့ကြရပုံ၊ နယ်ချဲ့ဗြိတိသျှတို့သည် မြန်မာ ထီးနန်းအား ဖျက်သိမ်းခြင်း၊ မြန်မာ့လွှတ်တော်အား ဖျက်သိမ်းခြင်း၊  မြန်မာ့စီးပွားရေး အား ပိတ်ဆို့တားစီးခြင်းများ ပြုလုပ်ခဲ့ကြပုံ၊ ထို့ကြောင့် မြန်မာ့ထီးနန်း၊ မြန်မာ ဘုရင်နှင့်  မြန်မာပြည်သူတို့ အထွတ်အမြတ်ထား  ယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာ သာသနာလည်း အရောင်အ၀ါမှေးမှိန်လာပုံ စသည့် ပါတော်မူပြီးစအချိန် မြန်မာပြည် ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအခြေအနေများကို တင်ပြထားပါသည်။ အခန်း(၂) တွင်မူ  မြန်မာအရှင်နှစ်ပါး  ပါတော်မူ၍ မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့လက်အောက်ခံ သူ့ကျွန်ဘ၀သို့  ကျရောက်ခဲ့ရသည်ကို ခံပြင်းနာကြည်းစိတ်၊ မျိုးချစ်စိတ်အပြည့်ဖြင့် ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေရန်နှင့်နယ်ချဲ့လက်အောက်မှ လွတ်မြောက်စေရန် လှုံ့ဆော်ဖွဲ့ဆိုထားသော မြန်မာမျိုးချစ်ကဗျာ စာဆိုကြီးများ၏ ကဗျာများမှ စာဆိုများ ၏ အတွေးနှင့်အရေးကို လေ့လာတင်ပြထားပါသည်။ ထိုသို့တင်ပြရာတွင် စာဆို၏ အတွေးနယ်ပယ် ဖြန့်ကျက်နိုင်ပုံနှင့် အရေးအသား ပိုင်နိုင်ကျွမ်းကျင်ပုံတို့ကို ထင်ရှား ပေါ်လွင်စေရန် ကဗျာတစ်ပုဒ်ချင်းစီကို စာဆိုများ၏ အတ္ထုပ္ပတ္တိ၊ ကဗျာ နောက်ခံ အခြေအနေ၊ စကားအသုံးအနှုန်း၊ သရုပ်ဖော်အဖွဲ့နှင့် ဂုဏ်၊ အလင်္ကာ၊ ရသတို့ကို မိမိဥာဏ်စွမ်းရှိသမျှ အသေးစိတ် ခွဲခြမ်းလေ့လာ တင်ပြထားပါ သည်။


ကျမ်းခေါင်းစဉ်              ကံကော်မြိုင် စာတမ်းစာအုပ်မှ ဆရာဇော်ဂျီနှင့် ဆရာမင်း သုဝဏ်တို့၏ ရသစာတမ်းများ လေ့လာချက်
ကျမ်းပြုစုသူအမည်                မအေးအေးအောင်
ခုံအမှတ်                     ၂-မဟာ-မ-၈

ကျမ်းအကျဉ်းချုပ်

ဤကျမ်းသည် မြန်မာစာပေနယ်ပယ်ရှိ  စကားပြေကဏ္ဍလာ ဆရာဇော်ဂျီ၏ နွေဦးကျက်သရေ၊ ကဗျာဝိုင်း၊ စာဝိုင်းနှင့်ကျွန်တော်၊ ပုဂံမြို့ဟောင်းနှင့် ကျွန်တော် ရသစာတမ်း(၃)ပုဒ်နှင့် ဆရာမင်းသုဝဏ်၏ အိုးစည်သံ၊ အလွမ်းရယ် တဲ့(၁၂)ထွေ၊ လူလည်းတထွေရေလည်းတခြား ရသစာတမ်း(၃)ပုဒ်တို့ကို ရသစာတမ်း၏ သွင်ပြင် လက္ခဏာများဖြင့်ချိန်ထိုး၍ လေ့လာတင်ပြထားသော ကျမ်းဖြစ်သည်။ ထိုသို့လေ့လာ ရာတွင် ကံ့ကော်မြိုင်စာတမ်းစာအုပ်ကို အလေ့လာခံအဖြစ် ရွှေးချယ်ကာ စာရေးသူ ကိုယ်တိုင် ကြုံတွေ့သိမြင်မှုများအပေါ်အခြေခံသော အတွေးအမြင်၊ ခံစားမှုတို့ကို စာဖတ်သူများပါ နှစ်သက်လာစေရန်ရည်ရွယ်၍ လေ့လာတင်ပြထားပါသည်။ ဤသို့ လေ့လာတင်ပြခြင်းဖြင့် ရသစာတမ်း၏ သွင်ပြင်လက္ခဏာများသာမက ဆရာဇော်ဂျီ နှင့် ဆရာမင်းသုဝဏ်တို့၏ စာပေလက်ရာများကိုပါ လေ့လာအကဲဖြတ်ခွင့် ရရှိစေပါ သည်။ ရသစာတမ်းများကို လေ့လာသူများအတွက် အထောက်အကူပြုသည့် အကျိုး ကျေးဇူးများကို  ရရှိစေနိုင်ပါသည်။


ကျမ်းခေါင်းစဉ်              မောင်ခင်မင်(ဓနုဖြူ)၏ မောင်ရုပ်ဆိုးနှင့်မယ်မဒ္ဒီ စာအုပ်မှ အရေးအသား လေ့လာချက်
ကျမ်းပြုစုသူအမည်                မသင်းသင်းဝါ
ခုံအမှတ်                     ၂- မဟာ-မ-၉
                               
ကျမ်းအကျဉ်းချုပ်

ဤကျမ်းတွင် စာပေများစွာ ရေးသားခဲ့သော ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)၏ "မောင်ရုပ်ဆိုးနှင့်မယ်မဒ္ဒီ" စာအုပ်မှ ရသစာတမ်းများ၏ အရေးအသားအပိုင်းတို့ကို လေ့လာတင်ပြသွားမည်ဖြစ်ပါသည်။ ထိုသို့ လေ့လာတင်ပြရာ၌ အာဝဇ္ဇန်းကောင်း ကောင်းနှင့် ရေးသားထားသော အရေးအဖွဲ့၊ စာဖတ်သူကို ဆွဲဆောင်နိုင်သောအရေး အဖွဲ့၊ စကားအသုံးအနှုန်း၊၀ါကျဖွဲ့ဟန်၊ စာပိုဒ်ဖွဲ့ဟန်စသည့်အရေးအသားပိုင်းတို့ဖြင့် တစ်ခန်းချင်းခွဲကာ လေ့လာတင်ပြသွားမည်ဖြစ်ပါသည်။


ကျမ်းခေါင်းစဉ်              သာဝတ္ထိဦးကြီး၏ လွမ်းချင်းကဗျာများမှ ကျေးလက်ဓလေ့ များလေ့လာချက်
ကျမ်းပြုစုသူအမည်                မညိုညိုစိန်
ခုံအမှတ်                     ၂- မဟာ - မ - ၁
                               
ကျမ်းအကျဉ်းချုပ်

ဤကျမ်းသည် မြန်မာစာပေ နယ်ပယ်လာ ရှေးကဗျာကဣတွင် ပါဝင်သော သာဝတ္ထိ ဦးကြီး၏ လွမ်းချင်းကဗျာများမှ ကျေးလက်ဓလေ့များကို တင်ပြထားသော ကျမ်းဖြစ်ပါသည်။ ဤကျမ်းကိုလေ့လာရာတွင် ဦးကြီး၏ လွမ်းချင်းကဗျာများကို အခြေခံ၍ မြန်မာကဗျာ လေ့လာနည်းများဖြင့် လေ့လာတင်ပြထားပါသည်။ ဤကျမ်း ကို လေ့လာရသော ရည်ရွယ်ချက်မှာ ကျေးလက်ဖွဲ့ လွမ်းချင်းကဗျာများတွင် တွေ့ရသော မြန်မာကျးလက်ဓလေ့များကို ဖော်ထုတ်လေ့လာ တင်ပြလိုခြင်း ဖြစ်ပါသည်။ ထိုသို့လေ့လာရခြင်းအားဖြင့်  ရှေးမြန်မာကြီးများတို့၏ မြတ်နိုးဖွယ် ကောင်းသော၊ ဂုဏ်ယူဖွယ် ကောင်းသော ဓလေ့သဘာဝများနှင့် မွန်မြတ်သော၊ အတုယူ လိုက်နာဖွယ်ဖြစ်သော စိတ်နေသဘောထားတို့ကို သိရှိနိုင်ပါသည်။ ထို့ကြောင့် ရှေးမြန်မာကြီးတို့၏ မြတ်နိုးဖွယ်ကောင်းသော၊ ဂုဏ်ယူဖွယ် ကောင်းသော ဓလေ့သဘာဝများကို မပျောက်ပျက်အောင် ဆက်လက် ထိန်းသိမ်း သင့်သည်ဟု ခံယူမိပါသည်။


ကျမ်းခေါင်းစဉ်              ချစ်ဦးညို၏ ရာဇကုမာရ ၀တ္ထုလေ့လာချက်
ကျမ်းပြုစုသူအမည်                မမေမြတ်ဆုဟိန်း
ခုံအမှတ်                     ၂- မဟာ-မ-၂
                               
ကျမ်းအကျဉ်းချုပ်

ဤကျမ်းသည် မြန်မာစာပေနယ်ပယ်စကားပြေကဏ္ဍတွင်ပါဝင်သော ချစ်ဦးညို ၏  ရာဇကုမာရ ၀တ္ထုလေ့လာချက်ကို တင်ပြထားသည့်ကျမ်းဖြစ်ပါသည်။ ဤကျမ်း၏ ရည်ရွယ်ချက်မှာ ဆရာချစ်ဦးညို၏ ၀တ္ထုဖန်တီးမှုအတတ်ပညာကို လေ့လာတင်ပြ လိုခြင်းဖြစ်ပါသည်။ ချစ်ဦးညို၏ ရာဇကုမာရ၀တ္ထုရှည်ကို အလေ့လာခံအဖြစ် သတ်မှတ်၍ ၀တ္ထုအတတ်ပညာ နည်းစနစ်ကိုအခြေခံကာ လေ့လာတင်ပြပါမည်။ ဤကျမ်းတွင် ချစ်ဦးညို၏ အတ္ထုပ္ပတ္တိအကျဉ်း၊ သမိုင်းနောက်ခံ  မြန်မာဝတ္ထုရှည် သဘောသဘာဝနှင့် သမိုင်းအကျဉ်း၊ ချစ်ဦးညို၏ ရာဇကုမာရ ၀တ္ထုလေ့လာချက် ဟူ၍  အခန်းသုံးခန်းခွဲ၍ လေ့လာတင်ပြထားပါသည်။ ဤသို့လေ့လာတင်ပြရာတွင် ရည်ရွယ်ချက်၊ ဇာတ်လမ်း၊ ဇတ်ဆောင်၊ ကာလဒေသ နောက်ခံဝန်းကျင်နှင့် အရေး အသားများ ပါဝင်သည်ကို တွေ့ရှိရပါသည်။ ရာဇကုမာရ၀တ္ထုသည် စာရေးသူ၏ စေတနာ၊ ရည်ရွယ်ချက်နှင့်အတူ စာဖတ်သူတို့အား ဘ၀အသိအမြင် ရရှိစေနိုင်ပါ သည်။ သမိုင်းနောက်ခံဝတ္ထုရှည် လေ့လာသူများအတွက်လည်း အကျိုးကျေးဇူး ရရှိနိုင်မည်ဖြစ်ပါသည်။


ကျမ်းခေါင်းစဉ်              မြမဉ္ဇူ ၀တ္ထုတိုများမှ လူသဘာဝအဖွဲ့လေ့လာချက်
ကျမ်းပြုစုသူအမည်                မထိုက်ထိုက်ဦး
ခုံအမှတ်                     ၂- မဟာ-မ-၃

                               
ကျမ်းအကျဉ်းချုပ်

ဤကျမ်းသည် မြမဉ္ဇူဝတ္ထုတိုများမှ လူ့သဘာဝအဖွဲ့များကို လေ့လာတင်ပြ ထားသောကျမ်းဖြစ်သည်။ မြမဉ္ဇူဝတ္ထုတိုများသည် လူ့သဘောလူ့သဘာဝ ပေါ်လွင် သောဝတ္ထုများဖြစ်ပြီး ဒိဋ္ဌဓမ္မလူ့လောကတွင်ရှိသော လူ့သဘောလူ့သဘာဝများကို သဘာဝကျကျ ရေးဖွဲ့ထားသည့် ၀တ္ထုတိုများလည်းဖြစ်ပါသည်။ ဤကျမ်းတွင် အလေ့လာခံဝတ္ထုတိုများအဖြစ်ဝတ္ထု(၈)ပုဒ်ကိုရွေးချယ်၍လေ့လာထားပါသည်။ဤသို့လေ့လာတင်ပြရာတွင် အပြောနည်းဖြင့် လူ့သဘာဝအဖွဲ့များကို လေ့လာခြင်း၊ အပြနည်းဖြင့် လူ့သဘာဝအဖွဲ့များကိုလေ့လာခြင်းဟူသော ရှုထောင့်နှစ်ခုမှလေ့လာ တင်ပြထားပါသည်။ ဤကျမ်းတွင် စာရေးသူ၏လူ့သဘာဝအဖွဲ့ ကျွမ်းကျင်ပိုင်နိုင်စွာ ရေးဖွဲ့မှုစွမ်းရည်ကို အကဲဖြတ်လေ့လာနိုင်ပါသည်။


ကျမ်းခေါင်းစဉ်              မင်းသုဝဏ်၏ ကဗျာများမှ မြန်မာ့လူမှုဘ၀ကို ပေါ်လွင်စေ သော ကဗျာများလေ့လာချက်
ကျမ်းပြုစုသူအမည်                မဌေးဌေးရွှေ
ခုံအမှတ်                     ၂- မဟာ-မ-၎
                               
ကျမ်းအကျဉ်းချုပ်

ဤကျမ်းသည်  မြန်မာအနုစာပေနယ်ပယ် ကဗျာကဏ္ဍတွင် ပါဝင်သော ဆရာကြီးမင်းသုဝဏ်၏ ကဗျာများစွာထဲမှ မြန်မာ့လူမှုဘ၀ကိုပေါ်လွင်စေသော ကဗျာများအကြောင်း လေ့လာတင်ပြထားပါသည်။ မြန်မာတို့သည် ရိုးရာယဉ်ကျေးမှု များ ကိုဖော်ထုတ်လိုသော ရည်ရွယ်ချက်ဖြင့် တင်ပြထားသော ကျမ်းဖြစ်ပါသည်။ ဤသို့ လေ့လာတင်ပြရာတွင် ဆရာကြီးမင်းသုဝဏ်၏ ကဗျာစာအုပ်များထဲမှ မောင်ခွေးဖို့ကဗျာ ပေါင်းချုပ်စာအုပ်၊ သပြေညိုနှင့် အခြားကဗျာများစာအုပ်နှင့် အင်းလျားကန်သို့ အိုကုတို့ကဗျာစာအုပ်တို့မှ မြန်မာ့လူမှုဘ၀ကို ပေါ်လွင်စေသော ကဗျာအချို့ကိုသာ အကိုးအကားပြုလျက် အလေ့လာခံအဖြစ် တင်ပြထားပါသည်။ ထိုကဗျာများတွင် တွေ့ရသော မြန်မာ့နေထိုင်မှုဘ၀၊ မြန်မာ့ဝတ်စားဆင်ယင်မှုဘ၀၊ မြန်မာ့စားသောက်မှုဘ၀၊  မြန်မာ့အသက်မွေးဝမ်းကျောင်းမှုဘ၀၊ မြန်မာ့ယုံကြည် ကိုးကွယ်မှုဘ၀နှင့် မြန်မာ့စိတ်နေစိတ်ထားများကို အခန်းခွဲကာ လေ့လာတင်ပြ သွားမည်ဖြစ်ပါသည်။ ဤကဲ့သို့ လေ့လာခြင်းအားဖြင့် မြန်မာတို့၏ ရောင့်ရဲတင်းတိမ် တတ်သောစိတ်ဓာတ်၊ ဖြူစင်ပွင့်လင်းသော အရိုးခံစိတ်ဓာတ်ရှိသော မြန်မာ့လူမှုဘ၀ ကို ထင်ဟပ်ဖော်ပြနိုင်မည်ဟု ယူဆမိပါသည်။


ကျမ်းခေါင်းစဉ်              ညီသစ်ဆင်း ကဗျာများတွင် ထင်ဟပ်နေသော ဆရာဇော်ဂျီ၏စေတနာ လေ့လာချက်
ကျမ်းပြုစုသူအမည်                မနှင်းမို့မို့မောင်
ခုံအမှတ်                     ၂- မဟာ-မ-၅
                               
ကျမ်းအကျဉ်းချုပ်

ဤကျမ်းသည် ညီသစ်ဆင်းကဗျာများတွင် ထင်ဟတ်နေသောဆရာဇော်ဂျီ၏ စေတနာကို လေ့လာဖော်ထုတ် တင်ပြထားခြင်းဖြစ်ပါသည်။ ဤကျမ်းတွင် ဆရာဇော်ဂျီ၏ စေတနာကိုပေါ်လွင်စေရန်ညီသစ်ဆင်းကဗျာမှအချက်အလက်များကို အခြေခံ၍ ဖော်ထုတ်တင်ပြထားပါသည်။ ကဗျာခေါင်းစဉ်အလိုက် ထင်ဟပ်နေသော စေတနာများကို ဇော်ထုတ်တင်ပြ ထားပါသည်။ အရေးအဖွဲ့ပိုင်းအရလည်း ဆရာဇော်ဂျီ၏ စေတနာကို ထင်ဟတ်နေသည့်စကားသုံး၊ ဂုဏ်၊ အလင်္ကာ၊ ရသတို့ကိုလည်းထည့်သွင်းလေ့လာတင်ပြထားပါသည်။ကဗျာဝေါဟာရနှင့်ခေတ်စမ်းကဗျာသမိုင်း၊စာဆိုအတ္ထုပ္ပတ္ထိနှင့်ဆရာဇော်ဂျီ၏စေတနာအပိုင်း(၃)ပိုင်းဖြင့်ရေးသားပြုစုထားပါသည်။


ကျမ်းခေါင်းစဉ်              ဆရာဇော်ဂျီ၏ သူတို့ညီနောင်နှင့် ကျွန်တော်ရသစာတမ်း များလေ့လာချက်
ကျမ်းပြုစုသူအမည်                မစောမြတ်ထွန်း
ခုံအမှတ်                     ၂- မဟာ-မ-၆

ကျမ်းအကျဉ်းချုပ်

ဤစာတမ်းသည် မြန်မာစာပေနယ်ပယ်ရှိ ခေတ်စကားပြေ ကဏ္ဍလာ ဆရာဇော်ဂျီ၏ သူတို့ညီနောင်နှင့်ကျွန်တော် ရသစာတမ်းများကို လေ့လာတင်ပြ ထားခြင်းဖြစ်ပါသည်။ ဆရာကြီး၏စေတနာနှင့် အတွေးအအမြင်ကို ဖော်ထုတ် လိုသော ရည်ရွယ်ချက်ဖြင့် လေ့လာတင်ပြပါသည်။ ဤသို့ လေ့လာရာတွင် ဆရာဇော်ဂျီ၏ သူတို့ညီနောင်နှင့်ကျွန်တော် ရသစာတမ်းများ စာအုပ်ကိုရွေးချယ်ကာ အလေ့လာခံအဖြစ်သတ်မှတ်ပြီး စာရေးသူ၏ စေတနာနှင့် အတွေးအမြင်များ၊ အကြောင်း အရာရွေးချယ်မှု၊ ရသများကိုလေ့လာခြင်းဟူ၍ တစ်ခန်းချင်းခွဲကာ လေ့လာတင်ပြထားပါသည်။ ဤသို့လေ့လာခြင်းဖြင့် ဆရာကြီး၏ မျိုးချစ်စိတ် စေတနာတို့ကိုပါလေ့လာတွေ့မြင်နိုင်ပါသည်။ မြန်မာစာပေကို ချစ်မြတ်နိုးပြီးရသ စာတမ်းများ ကိုလေ့လာလိုသူများအတွက် အထောက်အကူပြုနိုင်ပါသည်။


ကျမ်းခေါင်းစဉ်              မိုးမိုးအင်းလျား၏ ပျောက်သောလမ်းမှာ စမ်းတ၀ါးဝတ္ထုရှည် မှ ဇာတ်လမ်းဖန်တီးပုံ လေ့လာချက်
ကျမ်းပြုစုသူအမည်                မယုစန္ဒာခိုင်
ခုံအမှတ်                     ၂- မဟာ-မ-၇
                               
ကျမ်းအကျဉ်းချုပ်

ဤကျမ်းသည် မြန်မာစာပေနယ်လာ ခေတ်ဝတ္ထုရှည် ကဏ္ဍတွင်ပါဝင်သော မိုးမိုး(အင်းလျား)၏ ဇာတ်လမ်းဖန်တီးပုံကို လေ့လာတင်ပြထားသော ကျမ်းဖြစ်ပါ သည်။ ဤကျမ်း၏ ရည်ရွယ်ချက်မှာ မိုးမိုး(အင်းလျား)၏ ဇာတ်လမ်းဖန်တီးမှု ကောင်းမွန်ပုံကိုလေ့လာတင်ပြလိုခြင်းဖြစ်ပါသည်။ မိုးမိုး(အင်းလျား)၏ ပျောက်သော လမ်းမှာစမ်းတ၀ါး ၀တ္ထုရှည်ကို အလေ့လာခံအဖြစ် သတ်မှတ်၍ ဇာတ်လမ်းဖန်တီးမှု နည်းနာများကို အခြေခံကာ တင်ပြထားပါသည်။ ဤသို့လေ့လာတင်ပြရာတွင် ဇာတ်ပျိုး၊ ဇာတ်နှိုးပိုင်း ဖန်တီးပုံ၊ ဇာတ်တက်ပိုင်း ဖန်တီးပုံ၊ ဇာတ်ထွတ်ပိုင်းဖန်တီးပုံ၊ ဇာတ်ဆင်းပိုင်းဖန်တီးပုံ၊ ဇာတ်သိမ်းပိုင်းဖန်တီးပုံများပါဝင်သည်ကို တွေ့ရှိရပါသည်။ ဤကျမ်းတွင် မိုးမိုး(အင်းလျား)၏ ဇာတ်လမ်းဖန်တီးပုံ၊ ကျွမ်းကျင်နိုင်နင်းပုံကို တွေ့မြင်နိုင်ပါသည်။ ၀တ္ထုရှည်ဖန်တီးမှုပညာများအနက် ဇာတ်လမ်းဖန်တီးပုံကို လေ့လာလိုသူများအတွက် တစိတ်တဒေသ အကျိုးပြုနိုင်မည် ဖြစ်ပါသည်။


ကျမ်းခေါင်းစဉ်              သိပ္ပံမောင်ဝ၏ ၀တ္ထုဆောင်းပါးများမှ အရေးအသား
လေ့လာချက်
ကျမ်းပြုစုသူအမည်                မယုယုမော်
ခုံအမှတ်                     ၂- မဟာ-မ-၈
                               
ကျမ်းအကျဉ်းချုပ်

ဤကျမ်းတွင် ခေတ်စမ်းစာပေများစွာ ရေးသားခဲ့သော သိပ္ပံမောင်ဝ၏ ၀တ္ထု ဆောင်းပါးများမှ အရေးအသားပိုင်း တို့ကိုလေ့လာ တင်ပြထားပါသည်။ သိပ္ပံမောင်ဝ ၏ စကားပြေ အရေးအသားနိုင်နင်း ကျွမ်းကျင်မှုရှိပုံကို ဖော်ထုတ်လိုသော ရည်ရွယ်ချက်ဖြင့် တင်ပြထားသော ကျမ်းဖြစ်ပါသည်။ ထိုသို့လေ့လာတင်ပြရာတွင် သိပ္ပံမောင်ဝ၏ စည်းစိမ်၊ အင်းဝ၊ မင်းလတ်၊ ဗေဒါ၊ မြင်းတွေ၊ ပစ္စန္တရစ်၊ ရွာကျက် သရေ၊ နိဗ္ဗာန်ဆော်၊ လှည်းသမား၊ ကလေးတို့အဖေ၊ အာမိတ်ဟူသော ၀တ္ထုဆောင်းပါးများကို အလေ့လာခံအဖြစ် သတ်မှတ်ပါသည်။ ထိုသို့သတ်မှတ်ပြီး သိပ္ပံမောင်ဝ၏ စကားအသုံးအနှုန်း၊ ၀ါကျဖွဲ့ပုံ၊ စာပိုဒ်ဖွဲ့ပုံ၊ ဂုဏ်၊ အလင်္ကာရသတို့ကို အခန်းအသီးသီးခွဲကာ လေ့လာတင်ပြသွားမည် ဖြစ်ပါသည်။ ဤကဲ့သို့ လေ့လာခြင်း အားဖြင့် သိပ္ပံမောင်ဝ၏ စကားဖြေအရေးအသား ကျွမ်းကျင်မှုကို သိမြင်လာစေပါ သည်။