Tuesday, February 26, 2019

ဥပဒေဆိုင်ရာများအား အသိပညာပေးဟောပြောပွဲအခမ်းအနား(၈-၂-၂၀၁၉)


မိတ္ထီလာခရိုင်နှင့်မြို့နယ်အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပပြုလုပ်သည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ခြင်းနှင့် အမျိုးသမီးငယ်များ အကြမ်းဖက်ခံရခြင်းမှ ကာကွယ်နိုင်ရန်အတွက် ဥပဒေဆိုင်ရာများအား အသိပညာပေးဟောပြောပွဲအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ (၈-၂-၂၀၁၉)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့ တက်ရောက်ခဲ့ပြီး မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာနီလာအေးက HIV/ AIDS ရောဂါနှင့် မျိုးဆက်ပွားကျန်းမာရေး အကြောင်းကိုလည်းကောင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ဒုရဲမှူးဝင်းညွန့်က အမျိုးသမီးများ လူကုန်ကူးမှု တာဆီးကာကွယ်ရေးအကြောင်းကိုလည်းကောင်း၊ ခရိုင်ဥပဒေရုံး ခရိုင်ဥပဒေအရာရှိ ဒေါ်ခင်နွယ်နွယ်ကျော်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ခြင်းနှင့် အမျိုးသမီးငယ်များ အကြမ်းဖက်ခံရခြင်းဆိုင်ရာ ဥပဒေများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြပါသည်။ ယင်းနောက် မိတ္ထီလာခရိုင်အမျိုးသမီးကော်မတီအဖွဲ့ဝင် ဒေါက်တာဌေးဌေးဝင်းက မိတ္ထီလာတက္ကသိုလ် အားကစားနှင့် ပညာပေါင်းစပ်ကော်မတီသို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ အားကစားနှင့်ပညာပေါင်းစပ်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာလှလှသန်း(ပါမောက္ခ-ဌာနမှူး၊ ရူပဗေဒဌာန)က လက်ခံရယူခဲ့ပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်တို့ကို ပြန်လည်ပေးအပ်ခဲ့ပါသည်။ ၄င်းနောက် မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က ပညာပေးဟောပြောပေးခဲ့ကြသည့် ဌာနဆိုင်ရာများမှ အကြီးအကဲများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။